ဟိုပုံး ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ Placement Test (အထူးအစီအစဉ်) ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပသည်။
အဆိုပါ စာမေးပွဲတွင် မူလတန်းအောက်ဆင့် Grade 1 , Grade 2 , Grade 3 တွင် မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်ကိုလည်းကောင်း၊ မူလတန်းထက်ဆင့် Grade 4 , Grade 5 တွင် မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးဘာသာရပ်ကိုလည်းကောင်း၊ အလယ်တန်းဆင့် Grade 6 , Grade 7 , Grade 8 တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ အထွေထွေသိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၄၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စာမေးပွဲကျင်းပရာတွင် တာဝန်ရှိသူများက စည်းကမ်းတကျ ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများကလည်း စိတ်ပါဝင်စားစွာဖြင့် ဖြေဆိုခဲ့ကြသည်။ အဆိုပါ Placement Test ကျင်းပခြင်းသည် သင်ယူသူများ၏ လက်ရှိအရည်အချင်းအဆင့်ကို မှန်ကန်စွာ သတ်မှတ်နိုင်ရန်နှင့် ထိရောက်သော သင်ကြားရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)