မက်မန်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၏ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၁၃ ရက်နေ့က ဆွတ်ဝိုးအုပ်စု၊ ဆွတ်ဝိုးကျေးရွာ၊ အ.လ.က(ခွဲ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်မှကြီးကြပ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့်ပြီးသူ ကျောင်းသား/ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ကတ်ထုတ်ပေးခြင်းကို နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး UID ကတ်မရှိသေးသည့် ကျေးရွာသူ/ကျေးရွာသားများကိုလည်း UID ကတ်များဆောင်ရွက် ပေးခဲ့ပါသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးကျောင်မြင့်လှိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်တို့က ကြည့်ရှုအားပေးခဲ့ကြပြီး ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များကိုတာဝန်ရှိသူအသီးသီးတို့မှ ကျောင်းသား/ကျောင်သူများနှင့် ကျေးရွာသူ/ကျေးရွာသားများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။

‌ခရိုင်၊(ပြန်/ဆက်)