မိုင်းယန်း ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “ခေါင်းဆောင်ကောင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို (Community Centre)ခန်းမ ပြုလုပ်ဆွေးနွေးကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် လူအများရှေ့တွင်ပြောဆိုနိုင်သည့်အလေ့အထကောင်းများရရှိစေရန် ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “ခေါင်းဆောင်ကောင်း” စာအုပ်မှ "ခေါင်းဆောင်ကောင်း" ခေါင်းစဉ်ဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်သွားရန် လိုအပ်သည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ ဒေါ်ခိုင်ခိုင်ဝင်းမှ "ကိုယ်ရည်ကိုယ်သွေး" ခေါင်းစဉ်ဖြင့် မိမိကိုယ်တိုင် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲလုပ်ဆောင်သင့်သည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ ဒေါ်စိုးပြည့်ပြည့်ထွေးမှ "ဆက်ဆံရေးနှင့် ခေါင်းဆောင်မှု" ခေါင်းစဉ်ဖြင့် ခေါင်းဆောင်မှုအောင်မြင်ခြင်းဆိုင်ရာများနှင့် မိမိကိုယ်တိုင် ပေါင်းသင်းဆက်ဆံရေး၊ ဆက်သွယ်ရေး၊ ပြောဆိုမှု၊ ထိတွေ့မှု၊ ချစ်ခင်မှုရှိအောင် သင်ယူလေ့လာသင့်သည့်အကြောင်းအရာများဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆွေးနွေးချက်များအပေါ် မိမိတို့ထင်မြင်ယူဆချက်များ၊ အကြံပြုသုံးသပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး