မိုင်းယောင်း၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေး

မိုင်းယောင်း ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်က မြစိမ်းရောင်ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို စေတနာထား ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းက မြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှာ ၃၁ ယူနစ်၊ ကျေးရွာ ၄၀ ရှိကြောင်းနှင့် ၎င်းကျေးရွာများ၏ ရန်ပုံငွေလည်ပတ်နေမှု အခြေအနေတို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ အားသာချက် အားနည်းချက်များ၊ အကျိုးကျေးဇူးများကို လုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေး ခဲ့ကြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် မြို့နယ်မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ ၃၁ ယူနစ်မှ ကျေးရွာသူ ကျေးရွာသား ၁၃၈၆ ဦးက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်း စသည့် လုပ်ငန်းအမျိုးအစားအလိုက် မြစိမ်းရောင်ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း ၁၁၄၆ ဒသမ ၇၀ ထုတ်ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ သုံးသပ်ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဝင်များ၊ ကျေးရွာ မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ နှင့် ဘဏ္ဍာရေးကော်မတီဝင်များ တက်ရောက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း