မောက်မယ် ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရာသီပေါ်ငှက်စွတ်မှိုနှုတ်ယူရောင်းချသူများ မှို၁၀ကျပ်သားကို ငွေကျပ်၁၅၀၀နှုန်းဖြင့် ရောင်းချနေရပြီး စျေးကောင်းရလို့အဆင်ပြေလျက်ရှိကြောင်း မှိုရောင်းချသူများထံမှသိရသည်။
“ဒီဒေသမှာ ငှက်စွတ်မှိုက ကဆုန်လပြည့်ကျော်တာနဲ့ မိုးရွာသွန်းပြီးနောက်နှစ်ရက်လောက် ပူအိုက်ခါစအချိန်မှာ အများဆုံးထွက်ပေါ်လေ့ရှိပြီး ရှာဖွေနှုတ်ယူရတာပါ၊ ယခုလိုမှိုလှိုင်လှိုင်ပေါ်တဲ့ အချိန်မှာ မှိုရှာတွေ့များတဲ့နေ့ဆိုရင်တစ်ရက်ထဲ တစ်ပိဿာကျော်ရရှိပါတယ်၊ ရွာမှာဖောက်သည် စျေးက မှို၁၀သားကို၁၀၀၀ကျပ်နဲ့ရောင်းချရပါတယ်၊ မှိုပေါ်ချိန်ကရက်တိုတော့ ပေါ်ဦးပေါ်ဖျားဆိုရင် စျေးပိုရပြီး တစ်ပိဿာကို ငွေကျပ် ၁၅၀၀၀ကျော်အထိရောင်းချရပါတယ် ဒီမှိုကတစ်နှစ်မှတစ်ခါပဲပေါ်တာ ဒီနှစ်စျေးကောင်းရတော့ မှိုရှာရတာအဆင်ပြေပါတယ်”ဟု နောင်ခမ်းကျေးရွာနေ မှိုနှုတ်ရောင်းချသူ နန်းခမ်းအိမ်ကပြောသည်။
“စျေးထဲမှာ လက်ရှိမှိုပေါက်စျေးက ရွာဘက်တွေနဲ့မတူဘူ ရွာဘက်ကနေ မြို့ပေါ်စျေးထဲလာ ရောင်းရင် မှိုအငုံဆိုရင် တစ်ဆယ်သား၂၀၀၀ကျပ်၊ အပွင့်ဆိုရင် ၁၅၀၀ကျပ် ၅ပွင့်၆ပွင့်အတွဲလိုက် လဲရောင်းရာမှာ တစ်တွဲလျင် ၁၀၀၀ကျပ်ရရှိပြီး မှိုလှိုင်လှိုင်ပေါ်ချိန်ဆိုရင် တစ်နေ့ကို ၂၀၀၀၀ကျပ်/ ၃၀၀၀၀ကျပ် အထိရောင်းရပြီး အပိုဝင်ငွေရပါတယ်”ဟု မြို့မစျေးမှ မှိုလာရောင်းချသူတစ်ဦးကပြောသည်။ မောက်မယ်မြို့နယ်၌ ဒေသအခေါ်ငှက်စွတ်မှိုကို ရာသီစာဟင်းအဖြစ် ကန်စွန်းရွက်၊ ငရုတ်သီးစိမ်းတို့ဖြင့် ရောယှက်ကာအရည်သောက်၊ အချို/ အစပ်အရသာမျိုးစုံ ကြော်/ချက်၍ အများဆုံးစားသုံးကြပြီး မှိုပေါ်ချိန်ထွက်ခါစ အငုံအဖူးများကို စျေးကောင်းပေး၍ဝယ်ယူလေ့ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)