မောက်မယ် ဇွန် ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် တာဝန်ရှိသူများလိုက်ပါလျက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသောမျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် မျိုးစေ့နှင့်မြေသြဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပကာ ပဲပုပ်စိုက်တောင်သူများအား ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မျိုးစေ့နှင့်မြေသြဇာထောက်ပံ့ပေးအပ်ခဲ့ပြီး မိုးပဲပုပ်မျိုးသန့်ပွားစံပြစိုက် ခင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများစဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော(VDP)ကျေးရွာကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကို ဇွန်လ၁၄ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေတို့က အမှာစကားအသီးသီးပြောကြားပြီး တက်ရောက်လာကြသောခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၁၀) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦးတို့က လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၏ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်စွက် ဆောင်ရွက်ပေးခဲ့ပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက ဟိုနမ့်ကျေးရွာအုပ်စု၊ နောင်ပိုကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေဖြစ်သည့်ငွေ ကျပ်သိန်း(၁၅၀)နှင့်အားကစားပစ္စည်းများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေဖြစ်သည့် ငွေကျပ်သိန်း(၁၅၀)နှင့် အားကစားပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်းပေါ်ရှိ တံတားအထူးအဖွဲ့(၁၂)မှတာဝန်ယူ တည်ဆောက်နေသော ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း(၂၄၀)ပေ (ကျောင်းခုံ)တံတားနှင့် ပေ၇၀xပေ၃၀(၂)ထပ်ကျောင်းဆောင်တည်ဆောက်နိုင်ရေး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စျေးတန်း၏မြေနေရာအားသွားရောက်ကြည့်ရှုပြီး ဝန်ကြီးနှင့်အဖွဲ့များသည်(၁၅-၅-၂၀၂၆)ရက်နေ့တွင် ပျံလွန်တော်မူသွားသည့် ပရိယတ္တိပါဒကစာသင်တိုက်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် မြို့နယ်သြဝါဒါစရိယဆရာတော်ဘဒ္ဒန္တစန္ဒိမာ(သာသနဓဇဓမ္မာစရိယ) သက်တော်(၉၀) သိက္ခာတော်(၇၀) ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနရုပ်ကလာပ်တော်အားဖူးမျော်ကန်တော့၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပူဇော်ပြီး အန္တိမအဂ္ဂိစျာပနအခမ်းအနားကျင်းပသည့်နေရာသို့ လိုက်ပါပို့ဆောင်တက်ရောက်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)