မော်လမြိုင် ဇွန် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းအမှတ်စဉ် (၁၃) ဆရာဖြစ်ဒီပလိုမာ အောင်လက်မှတ်ဆက်ကပ်ပွဲနှင့် အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ကျောင်းဆောင်တော်ကြီးရှိ ဗုဒ္ဓဆင်းတုမြတ်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့သည်။ ယင်းနောက် မွန်ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ (မဟာသဒ္ဓမ္မဇောတိကဓဇ)ဆရာတော်က ဆရာဖြစ် သင်တန်းဆင်း ရဟန်းတော်များနှင့် သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား ရဟန်းများအား ကြိုဆိုနှုတ်ခွန်းဆက်စကားမိန့်ကြား၍ ပြည်နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသာသန (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ) မဟာထေရ်မြတ်ထံမှ ဩဝါဒကထာ နာယူကြည်ညိုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်အရှင်မြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာပြည်နယ်ဝန်ကြီးချုပ်က အဆိုပါကျောင်းတိုက်တော်ကြီး၌ ရှေးဟောင်းသမိုင်းဝင် ချမ်းမြေ့မင်္ဂလာ မဟာသိမ်တော်၊ ဗုဒ္ဓရုပ်ပွားတော် (၃) ဆူနှင့် မဟာရံတံတိုင်းတို့အား အသစ်တစ်ဖန် ပြုပြင်မွမ်းမံလှူဒါန်း ပေးခဲ့သော အလှူရှင် ချမ်းမြေ့ဂုဏ်ဆေးရုံမိသားစုတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ဇွန် ၁၄ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို အားဆေးများ၊ ကြက်ဥနှင့် အဟာရဖြည့်စွက်စာများ ပေးအပ်သည်။ ယင်းနောက် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးက စုပေါင်းသွေးလှူဒါန်းပေးခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပေးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကား ပြောကြားခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)