တွံတေး ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊တမံကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတော်ကြီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဋ္ဌေးအောင်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မြင့်အောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်ဋ္ဌေး၊ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်ခင်ပြည့်ပြည့်ဦး၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်နိုင်ထွန်း၊ အခြေခံပညာဦးစီးဌာနမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဇော်သက်မောင်၊
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးကိုယ်စား ကျန်းမာရေးဆရာမ ဒေါ်မေမြတ်သူတို့က မိမိတို့၏ ဌာနလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံရပ်မိရပ်ဖများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)