သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၁၄

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းများ၏ သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းဆင်းသစ်လွင်သူနာပြုများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ယင်းနောက် မြောက်ဥက္ကလာပသူနာပြုသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးက ဒီပလိုမာအောင်လက်မှတ် အပ်နှံခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို သူနာပြုသိပ္ပံ(ရန်ကုန်)၊ သူနာပြုသိပ္ပံ(ဖလမ်း)၊ မြောက်ဥက္ကလာပသင်တန်းကျောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) သူနာပြုသင်တန်းကျောင်း၊ သန်လျင်သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းဆင်းသစ်လွင်သူနာပြု (၃၄၁) ဦးအား တာဝန်ရှိသူများက အောင်လက်မှတ်များကို အပ်နှင်းပေးအပ်ခဲ့ကြသည်။

ဇွဲထက်ကို (ပြန်/ဆက်)