ကျောက်ဆည်ခရိုင်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိများအား အရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်

ကျောက်ဆည် ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဥပဒေရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများအား ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် ဥပဒေအရာရှိ ဦးနန္ဒာအောင်နှင့် ခရိုင်အတွင်းရှိ ဒုတိယခရိုင် ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ဥပဒေအရာရှိ ဦးနန္ဒာအောင်က ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိ ကျင့်ဝတ်များကို ကောင်းစွာသိရှိလိုက်နာခြင်းဖြင့် အများပြည်သူက ယုံကြည်အားကိုးမှုရရှိစေရန် လိုအပ်ကြောင်း၊ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းဆွေးနွေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ သိက္ခာသမာဓိရှိမှု၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်မှု၊ သာတူညီမျှရှိမှုဟူသည့် တရားစီရင်ရေး၏ အဖိုးတန်စံနှုန်းများကို လိုက်နာတတ်စေရန်နှင့် အစိုးရ ဌာန၊ အဖွဲ့အစည်းများ၊ တရားစွဲအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ဥပဒေအရာရှိအချင်းချင်း ထိတွေ့ဆက်ဆံရာတွင် ရာထူးနှင့်လျော်ညီသော အရည်အချင်းရှိပြီး လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သော ကျင့်ဝတ်သိက္ခာ စောင့်ထိန်းစေရန် ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံမေးမြန်းဆွေးနွေးခြင်း အစီအစဉ်သည် ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာ အစီအစဉ်တစ်ရပ်ဖြစ်သည့်အပြင် ရက်(၁၀၀)အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအစဉ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် ဒုတိယခရိုင် ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများအား ကျင့်ဝတ်ဆိုင်ရာ မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)