ပုသိမ်ကြီး ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့်အဖွဲ့သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးများ၊ အိမ်ခြံမြေ အကျိုးဆောင် အဖွဲ့များတို့နှင့် တွေ့ဆုံပွဲ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်သူအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ မြို့နယ်အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်များ၊ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်အသုံးပြုနေမှုများနှင့် ပတ်သက်၍ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင်လည်း အများပြည်သူသိရှိနိုင်ရေး အသိပေး ကြေညာချက်များ ဖော်ပြထားရှိကြောင်း၊ အွန်လိုင်းတွင် လယ်ယာမြေများပေါ်၌ အကွက်ရိုက် ရောင်းချနေသည့် ကိစ္စများနှင့်ပတ်သက်၍ ထိထိရောက်ရောက် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ မြေတိုင်းစာရေးများ အနေဖြင့် မိမိတို့နယ်မြေအတွင်းရှိ မြေယာများပေါ်တွင် ကျူးလွန်အသုံးပြုမှုများသိရှိရေး၊ ငွေကြေးကိစ္စများတွင် ပါဝင်ပတ်သက်သက်မှု မရှိစေရေး၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် ကျူးလွန်ပါက ဝန်ထမ်းစည်းမျဉ်းနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေ အကျိုးဆောင်များမှလည်း တရားမဝင် မြေယာရောင်းဝယ်မှုများ မဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပါက တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းက လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်အသုံးပြုနေမှုများနှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိပြီး ကျူးလွန် ဆောင်ရွက်နေသူများအား တရားရုံးတွင် တရားစွဲဆိုဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကျန်ရှိနေသည့် ကျူးလွန်ဆောင်ရွက်နေသူများအား တရားစွဲဆိုရန် ဆောင်ရွက်ထားရှိကြောင်းနှင့် ထပ်မံကျူးလွန် ဆောင်ရွက်နေသူများအား ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)