ပျော်ဘွယ် ဇွန် ၁၄
ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းကလည်း အစုအဖွဲ့များခွဲ၍ ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးထွန်းထွန်းမင်းက ဝက်လက်ကျေးရွာအုပ်စုရှိပြည်သူများနှင့်တွေ့ဆုံ၍ အုပ်ချုပ်ရေးဥပဒေနှင့်အညီ အုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကျေးရွာအဆင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်မှုပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်အဆင့် တာဝန်ရှိသူများက ပြည်လည်ရှင်းလင်းဆွေးနွေးကြသည်။
မြို့နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့တွင် ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့ရှစ်ဖွဲ့ဖြင့်ဖွဲ့စည်းထားကြောင်း၊ ၎င်းအဖွဲ့များမှ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ သွားရောက်၍ ရပ်/ကျေးအဆင့် အုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့၏ အရေးပါမှုများအကြောင်း အသိပညာပေးကာ ကြီးကြပ်ရေးအဖွဲ့ဝင်များအား တစ်ပါတည်းရွေးချယ်လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)