မန္တလေး ဇွန် ၁၄
အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ချက်အနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၂၆)၊ မဟာဗျူဟာအစီအစဉ် ( ၅ . ၃ . ၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပညာရေးဒီဂရီကောလိပ်၊ ပညာတန်ဆောင်ခန်းမတွင် ကျင်းပသည်။
အဆိုပါ ဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်တင်သန်းနှင့် တရားရေးအရာရှိများ၊ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခများနှင့် ဆရာ/ဆရာမများ၊ သင်တန်းသားသင်တန်းသူများ စုစုပေါင်း (၁၀၂၀) ဦး တက်ရောက်ကြသည်။
ဟောပြောပွဲတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မုဒိတာက “စေ့စပ်ဖြေရှင်းရေးစနစ်မိတ်ဆက်တင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စေ့စပ်ဖြေရှင်းရေးဌာနတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုနန္ဒာစိုးက “တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော် Website တွင် လွှင့်တင်ထားသော "ချစ်စကိုရှည်စေ” ပညာပေးရုပ်သံဇာတ်လမ်းတို Video Clip ပြသခြင်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဒေါ်တင်သန်းက “စေ့စပ်ဖြေရှင်းရေးစနစ်နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြရာ တက်ရောက်လာကြသော မန္တလေးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြေဆိုခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ကြပြီးနောက် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ မန္တလေးပညာရေးဒီဂရီကောလိပ်၊ စာကြည့်တိုက်အတွက် ဥပဒေ ဗဟုသုတစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း