မန္တလေး ဇွန် ၁၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ (၃၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှုဒါန်းပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ မန်းတောင်ရိပ် ကိုးထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာ မြင့်မိုရ်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ဒုတိယ တိုင်းဦးစီးမှုး ဒေါ်နီလာထွန်း၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ၊ သွေးလှူရှင်ဝန်ထမ်းများ၊ မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ သွေးလှူဘဏ်တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာစုလှိုင်ဦး၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်း ၅၄ ဦးတို့က သွေးဖေါက်လှူဒါန်းကြရာ သွေးလှူဘဏ်ဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုများက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်၍ သွေးဖောက်လက်ခံရယူကြရာသို့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူရှင်များကို ကြက်ဥ၊ ငှက်ပျောသီး၊ ရွိုင်ရယ်ဒီ၊ ပေါင်မုန့် ၊ ဘီစကွက် နှင့် မျက်နှာသုပ်ပဝါတို့ကို ဂုဏ်ပြုပေးအပ်သည်။
ထို့နောက် ညွှန်ကြားရေးမှူး ဦးစိုးလွင်က သွေးအိတ် ၅၄ အိတ်ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)