မြစ်သား ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း(မြို့နယ်အဆင့်ဆင့်ပွားသင်တန်း)ကို ဇွန်လ ၁၂ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့် Smart school ကျောင်းများပြည့်မီ အောင်ဆောင်ရွက်ကြရန်မှာကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ လက်ထောက်ကျန်းမာရေးမှူး ဦးကျော်ဇင်မင်းသန့်က ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ် ၉ ရပ် ဖြစ်သည့် ကာယနှင့်အားကစားလုပ်ငန်း၊ ကျောင်းအခြေပြုကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊ သင်တန်းနှင့်သုတေသနလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများအန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှုလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းစသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုး၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးဇော်နိုင်မင်း၊ လက်ထောက်ကျန်းမာရေးမှူး ဦးကျော်ဇင်မင်းသန့်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ စုစုပေါင်း ၁၁၅ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)