တိုက်ကြီးမြို့နယ်၌ မိုးစပါးများ စတင်စိုက်ပျိုး

တိုက်ကြီး ဇွန် ၁၄ 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် တိုက်ကြီးမြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်မြေများတွင် မိုးစပါးများကို Drum Seeder ဖြင့် စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

တိုက်ကြီးမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး၊ စပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်  ပြည့်မီစေရေးအတွက် ခရိုင်/မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ဗျော့ထွန်း၊ ဆင်းသုခ၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ အောင်နိုင်တိုး၊ ရက် ၁၀၀၊ ရက် ၉၀ အထွက်ကောင်းစပါးများ၊ ဒေသပေါ်ဆန်းစပါး၊ ဧည့်မထစပါးတို့ကို စိုက်ပျိုးလျက်ရှိသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြေဆီလွှာကောင်းမွန်စေရေးအတွက် သဘာဝမြေဩဇာများပြုလုပ်သုံးစွဲခြင်းနှင့် သီးနှံအထွက်နှုန်းမထိခိုက်စေမည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲခြင်းတို့ဖြင့် စိုက်ပျိုးသီးနှံပင်အတွက် လိုအပ်သောအာဟာရဓာတ်များ ဖြည့်တင်းရေးတို့ကို နည်းပညာပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရကလည်း စိုက်ပျိုးမှုအတွက် အဓိကလိုအပ်သည့် သွင်းအားစုများဝယ်ယူနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ပေးအပ်ခဲ့ရာ စိုက်ပျိုးချိန်အမီရရှိခဲ့သဖြင့် တောင်သူဦးကြီးများအနေဖြင့် မိုးစပါးစိုက်ပျိုးရေးကို အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)