မော်လမြိုင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

မော်လမြိုင်      ဇွန်  ၁၄

မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ နှင့်အဆင့်မြင့် ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲများကို ဇွန် ၁၃ ရက်က အမှတ် (၈) အခြေခံပညာအထက်တန်း ကျောင်းနှင့်ပညာ​ရေးဒီဂရီကောလိပ်၌ ကျင်းပသည်။

စာစီစာကုံးပြိုင်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စုစုပေါင်း ပြိုင်ပွဲဝင် ၁၀၅ ဦး စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆင့်မြင့်ပညာအဆင့် ပန်းချီပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲအား ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)တွင် ကျင်းပရာ စုစုပေါင်း ပြိုင်ပွဲဝင်  ၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်နေမှုအခြေအနေအား မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းအောင်ကျော်၊ ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်နှင့် ဒုရဲမှူးကြီးသန်းအေးတို့ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်