ရန်ကုန် ဇွန် ၁၄
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား 5 A Side အမျိုးသား ဟော်ကီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သိမ်ဖြူမြက်ခင်းတု ဟော်ကီကွင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် ဗိုလ်လုပွဲစဉ် Yangon City အသင်းနှင့် Lion City အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို စတင်ရာ ပွဲစဉ်တစ်လျှောက်တာဝန်ယူဆောင်ရွက်ခဲ့သည့် ဒိုင်လူ ကြီးများ၊ အတိုးတက်ဆုံး အားကစားသမားဆုရရှိသည့် သိမ်ဖြူလူငယ်အသင်းမှ ကျောနံပါတ် (၂) ထွန်း မင်းလတ်၊ အကောင်းဆုံး အားကစားသမားဆုရရှိသည့် Yangon City အသင်းမှ ကျောနံပါတ်(၉) သက်ထွေး၊ နှစ်သိမ့်ဆုရရှိသည့် သိမ်ဖြူလူငယ်အသင်းနှင့် Fly Eagle အသင်း၊ တတိယဆုရရှိသည့် Anchor Club အသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် Myanmar Police Farce အသင်း၊ ဒုတိယဆုရရှိ သည့် Lion City အသင်းတို့အား တိုင်းဒေသကြီး ဝန်ကြီးများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် Yangon City အသင်းအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို (၆)သင်း အားကစားသမား(၆၀)ဦးဖြင့် ဇွန်လ(၈)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့ အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)