အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(လက်ပံပျား)မှ မွေးမြူရေးအထူးပြု ကျောင်းသားကျောင်းသူများ တော်ဝင်စိုက်ပျိုးမွေးမြူရေးခြံသို့ လာရောက်လေ့လာ

ကျောက်ပန်းတောင်း ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(လက်ပံပျား)မှ မွေးမြူရေး အထူးပြု ကျောင်းသား၊ ကျောင်းသူများသည် ဇွန် ၁၃ ရက် နံနက် ၉ နာရီခွဲက ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက် ကျေးရွာအနီးရှိ တော်ဝင်စိုက်ပျိုး၊ မွေးမြူရေးခြံရှိ ဇီဝလုံခြုံမှုနည်းစနစ်ဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းလေ့လာကြသည်။

မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ သန်းထွန်းလင်း(လက် ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ သင်ကြားရေးဆရာ/ဆရာမ ၃ ဦး ကြီးကြပ်လိုက်ပါလာသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (လက်ပံပျား)မှ မွေးမြူရေး ဘာသာရပ် အထူးပြု Grade-10 ၊ Grade-11 ၊ Grade-12  ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးတို့သည် ဆည်ပေါက်ကျေးရွာအနီးရှိ ဇီဝလုံခြုံမှု (Biosecurity) နည်းစနစ်ဖြင့် ဆောင်ရွက်နေသည့် တော်ဝင် စိုက်ပျိုး၊ မွေးမြူရေးခြံသို့ ရောက်ရှိကြရာ ခြံပိုင်ရှင် ဦးတော်ဝင်စည်သူနှင့် ခြံတာဝန်ခံ ဦးတောတို့က ဇီဝလုံခြုံမှု (Biosecurity) နည်းစနစ်ဖြင့် စိုက်ပျိုး၊ မွေးမြူရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် မွေးမြူရေး အဆောင်များ အတွင်း ဝက်မွေးမြူရေး လုပ်ငန်း စနစ်တကျ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဝက်သားပေါက်များ အမျိုးအစား ခွဲဝေထားရှိမှု၊ ဝက်အစာကျွေး စနစ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွန်းလင်းနှင့် ခြံပိုင်ရှင်ဦးတော်ဝင်စည်သူတို့က ရှင်းလင်းပြသကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများကို ရှင်းလင်းဖြေကြားကြသည်။

ဆက်လက်၍ သတ်မှတ်မြေကွက်လပ်တွင် နေပီယာခရမ်းရောင်မြက် ၆၂၄ ပင်ကို ကျောင်းသား ကျောင်းသူလေးများက အမှတ်တရ စိုက်ပျိုးပေးကြပြီး  ခြံပိုင်ရှင်ထံသို့ ပိုးသတ်ဆေးဘူးများ လက်ဆောင် ပေးအပ်သည်။

အဆိုပါ တော်ဝင်စိုက်ပျိုး၊ မွေးမြူရေးခြံတွင် DYL ဝက်မျိုး မွေးဝက်မ ၁၂ ကောင်၊ သားပေါက် ၁၁၈ ကောင်နှင့် ဝက်လတ် ၁၄၂ ကောင် စုစုပေါင်း ၂၇၂ ကောင် တို့ကို ဇီဝလုံခြုံမှုနည်းဖြင့် စနစ်တကျ မွေးမြူ ထားရှိကြောင်းသိရပြီး ဇီဝလုံခြုံမှု (Biosecurity) ဖြင့် စနစ်တကျ မွေးမြူခြင်းသည် ခြံဝန်းအတွင်း ကူးစက်ရောဂါများ ရောက်ရှိနိုင်မှုကို ၈၀ ရာခိုင်နှုန်း မှ ၉၅ ရာခိုင်နှုန်းကျော် အထိ တားဆီးကာကွယ်ပေးနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာ သန်းထွန်းလင်းက ပြောသည်။

နေအောင်(ပြန်/ဆက်)