ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း နှင့်ပူတာအိုမြို့များတွင် စုစုပေါင်းပျိုးပင်မျိုးစုံ အပင် ၅၀၀၀ တစ်ပြိုင်တည်း စိုက်ပျိုး

မြစ်ကြီးနား ဇွန် ၁

၂၀၂၆ ခုနှစ်၊ မိုးရာသီ (ပြည်နယ်အဆင့်) သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ကျင်းရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့်  အဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ၂၀၂၆ ခုနှစ်၊ နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြန်မာ နိုင်ငံတစ်ဝှမ်းလုံး(၇၅)နေရာတွင် တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်ပွဲတည်း သစ်ပင်ပေါင်း (၅၄၈၁၀)ပင်စိုက်ပျိုးသွားမည်ဖြစ်သည့်အတွက် ကချင်ပြည်နယ်တွင်လည်း မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း နှင့်ပူတာအိုမြို့မှာလည်း တစ်ပြိုင်တည်း စုစုပေါင်းပျိုးပင်မျိုးစုံ အပင် ၅၀၀၀  စိုက်ပျိုး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အဖွဲ့ဝင်များက ပျိုးပင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြပြီး ဘောလုံးကွင်းဘေး ကွင်းပြင်ရှိ သတ်မှတ်နေရာအသီးသီး၌ ဌာနဆိုင်ရာများ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စီတာပူရပ်ကွက်နေပြည်သူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များက ပျဉ်းကတိုး၊ ရေပိတောက်၊ ကံ့ကော်၊ စိန်ပန်း၊ မန်ဂျန်ရှားစသည့် သစ်(၅)မျိုး ပျိုးပင်စုစုပေါင်း (၁၀၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ရွှေမိုးတောင်ပေါ်တွင် ကိန်းဝပ် စံပ္ပယ်တော်မူသည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်ကြီး ပုရဝဏ်၌ ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင် ကျင်းပသော မိုးရာသီစုပေါင်းသစ် ပင်စိုက်ပျိုးပွဲတော်ကို ဆက်လက်ကျင်းပသည်။

ဆက်လက်၍ မြို့နယ်အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ဝိုင်းမော်မြို့ စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် အရိပ်ရပန်းပွင့်သည့် ပျိုးပင်များ ဆက်လက်စိုက်ပျိုးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဘုရားတောင်ကုန်းတွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

ထို့နောက် ရွှေမိုးတောင်ဘုရား တောင်ကုန်းတစ်လျှောက် သတ်မှတ်နေရာအသီးသီး၌ စင်္ကာပူချယ် ရီ (၁၆၀) ပင်၊ သရခံ (၈၀)ပင်၊ ရေပိတောက် (၈၀)ပင်၊ သစ်အယ် (၈၀)ပင်၊ ကျောက်ခက် (၅၂)ပင်အပါအဝင် ပျိုးပင် (၄၂၅)ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် မြစ်ကြီးနား-ဗန်းမော်အဓိကလမ်းမကြီး၏ လမ်းဘေးဝဲ/ယာအပါအဝင်၊ ပန်းခြံများ၊ မြို့တွင်း လမ်းမများနှင့် မြို့ဝင်နေရာတို့တွင် နှစ်ရှည်အရိပ်ရပင်များ၊ ပန်းပွင့်သည့်အပင်အပါအဝင် သစ်ပင်ပေါင်း ၈၉၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်