ရှမ်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် လျှပ်စစ်စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နမ့်စန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နမ့်စန်(တ) ဇွန် ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေနှင့် ပြည်နယ်လျှပ်စစ် စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးတို့သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်စန်ကျေးရွာအုပ်စုရှိ ဝမ်ပုံရေလှောင်တမံသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ရေလှောင်တမံစီမံကိန်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက ဝမ်ပုံရေလှောင်တမံအား ရေအရည်အသွေးထိန်းသိမ်းရေး၊ သန့်ရှင်းသာယာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အလေးထားဆောင်ရွက်ရန်နှင့် ဝမ်ပုံရေလှောင်တမံမှတဆင့် မြို့ရေပေးဝေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေးဆောင်ရွက်ပေးရန်တို့ကို မှာကြား၍ တာဝန်ရှိသူများနှင့်အတူ ဝမ်ပုံရေလှောင်တမံနှင့် ရေထိန်းမျှော်စင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများသည် နမ့်စန်ကျေးရွာအုပ်စု၊ ကုန်းမုန်းကျေးရွာရှိ ဦးဝင်းဇော်၏ ဥစားကြက်မွေးမြူရေးခြံ၊ မက္ကဒေးမီးယားစိုက်ခင်းနှင့် မက္ကဒေးမီးယားစေ့နှင့် အဆီထုတ်လုပ်မှုအခြေအနေများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားကာ ခြံဖြန်း ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေနှင့် ပြည်နယ်လျှပ်စစ် စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးတို့သည် အမှတ်(၄)ရပ်ကွက်ရှိ မြို့ရေပေးဝေရေး ရေကန်ဖြစ်သည့် မြို့ဦးရေလှောင်တမံ (၁) နှင့် (၂) ပြုပြင်တူးဖော်မည့်နေရာသို့ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မွန်းလွဲ ၃နာရီခွဲ အချိန်တွင် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးလင်းအောင်ဆွေနှင့် ပြည်နယ်လျှပ်စစ်စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်သန်းထူး တို့သည် နမ့်စန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိဖြို့ဖများနှင့်တွေ့ဆုံ၍ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ရေအရင်းအမြစ်ခိုင်မာရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြ ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး Football For School Programme အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများသည် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(နမ့်စန်)တွင်ပြုလုပ်သည့် ကလေးများသောက်သုံးရေရရှိစေရန်အတွက် လှူဒါန်းသော 6-kw ဆိုလာမီးဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြား၍ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက အလှူငွေ(၁၀)သိန်းကျပ်၊ ပြည်နယ်လျှပ်စစ် စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး က အလှူငွေ(၅)သိန်းကျပ်နှင့် ပြည်နယ် ဌာနဆိုင်ရာအကြီးအကဲများက စုပေါင်းအလှူငွေ(၁၀)သိန်းကျပ်တို့ကို အသီးသီးလှူဒါန်းပေးအပ်ခဲ့ပြီး မတည်အလှူရှင် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဒေါက်တာကောင်းမြတ်သူနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

ဆက်လက်၍ ညနေ ၆နာရီချိန်တွင် ပြည်နယ်ဝန်ကြီးများသည် ဟိုင်းနားကြီးကျေးရွာအုပ်စု၊ မလန်းခမ်းကျေးရွာမှ မိုင်းစိတ်ကျေးရွာထိ ဆက်လက်အဆင့်မြှင့်တင်ဆောင်ရွက်မည့် နမ့်စန်-မိုင်းစိတ် လမ်းနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀) ကျေးရွာတွင် ပြန်လည်မွမ်းမံတည်ထားကိုးကွယ်လျက်ရှိသည့် မဟာရွှေဘုန်းပွင့်စေတီတော်ကိုဖူးမြော်ကြည်ညိုကာ စေတီတော်တည်ဆောက်မွမ်းမံရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)