ပြင်ဦးလွင်မြို့နယ်၊ အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာဘုန်းကြီးကျောင်း၌ ကြီးကြပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖ‌ (၅)ဦး ရွေးချယ်

ပြင်ဦးလွင် ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါ၀င်သော အဖွဲ့ (၄)သည် ယမန်နေ့ နေ့လယ် ၂ နာရီက ပြင်ဦးလွင်မြို့နယ်၊ အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကြီးကြပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖ‌ ငါးဦးရွေးချယ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့(၄)တွင် ပါဝင်သော မြို့နယ်ဌာနဆိုင်ရာ‌ အဖွဲ့၀င်ခြောက်ဦးသည် အင်းယားကျေးရွာအုပ်စု၌ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် သမာသမတ်ကျကာ ဘက်လိုက်မှုကင်းသော ဥပဒေနှင့်အညီ ထိန်းကျောင်းပေးမည့် အများကြည်ညိုလေးစားအပ်သော ရပ်မိရပ်ဖငါးဦးအား ကျေးလက်‌နေ ပြည်သူများ၏ ဆန္ဒမဲအရေအတွက် အနည်းအများအလိုက် လျာထားရွေးချယ်ခဲ့‌ကြောင်း သိရသည်။

အလားတူ ပြင်ဦးလွင်မြို့နယ်၌ ထိုသို့ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါ၀င်သည့် အဖွဲ့ခုနစ်ဖွဲ့မှလည်း ရပ်ကွက် ၂၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၇ အုပ်စုတို့အား ဇွန်လ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့ထိ တာဝန်ကျရာ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သွေးသွေး (ပြန်/ဆက်)