မိတ္ထီလာမြို့နယ်၌ နှမ်းသီးနှံ စံပြကွက်တွင် ယူရီယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာအချိုးကျ ရောစပ်၍ ထည့်သွင်းခြင်းနှင့် တန်းကြားထွန်လိုက်ခြင်း သရုပ်ပြပွဲ ကျင်းပ

မိတ္ထီလာ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် နှမ်းသီးနှံ စံပြကွက်တွင် ယူရီးယာဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျ ရောစပ်၍ ထည့်သွင်းခြင်းနှင့် တန်းကြားထွန်လိုက်ခြင်း သရုပ်ပြပွဲကို ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီက ပန်းတိမ်ကုန်းကျေးရွာ ကွင်းအမှတ် ၁၀၅၄ ရှိ တောင်သူ ဦးမောင်ရွှေ၏ မိုးနှမ်း (စိန်ခို) စိုက်ဧက နှစ် ဧကတွင် ကျင်းပခဲ့သည်။

သရုပ်ပြပွဲတွင် မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ထည့်သွင်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပြုလုပ်သုံးစွဲနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထိန်၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေ၊ မိတ္ထီလာမြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက နှမ်းသီးနှံ(စိန်ခို)စံပြကွက်တွင် ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ တစ်အချိုးသုံး အချိုးကျ ရောစပ်၍ ထည့်သွင်းခြင်းနှင့် တန်းကြား ထွန်လိုက်ခြင်း သရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့သည်။

၎င်းအပြင် ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ တစ်အချိုး သုံးအချိုးကျ ရောစပ်၍ ထည့်သွင်းခြင်းနှင့် တန်းကြား ထွန်လိုက်ခြင်းသရုပ်ပြပွဲကို ကန်တောင်ကျေးရွာအုပ်စု ပန်းတိမ်ကုန်းကျေးရွာ ကွင်းအမှတ် ၁၀၅၄ ရှိ တောင်သူ ဦးတင်ဝင်း၏ စိုက်ဧက နှစ်ဧက၊ တောင်သူ ဦးရာဇာလင်း၏ စိုက်ဧက နှစ်ဧကနှင့် တောင်သူ ဦးဖိုးကောင်း၏ စိုက်ဧက တစ်ဧကတို့တွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)