ရန်ကုန် ဇွန် ၁၄
ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဝန်းအတွင်း တည်ဆောက်လှူဒါန်းထားသည့် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး သီတင်းသုံးရန် “အဂ္ဂါဘိဝဇဝါ မောက္ခချုပ် ကျောင်းတော်” ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်နှင့် ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းကို ယမန်နေ့နံနက်ပိုင်း ရန်ကုန်မြို့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဝင်းအတွင်း၌ကျင်းပရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာဘဒ္ဒန္တကုမာရနှင့် ပင့်သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ အလှူရှင်ဦးဇော်မျိုးထက်နှင့်ဇနီး သုဓမ္မသိင်္ဂီဒေါ်နန်းမိုးခမ်းနှင့်မိသားစုဝင်များ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်နှင့် အလှူရှင်မိသားစုတို့က “အဂ္ဂါဘိဝဇဝါမောက္ခချုပ်ကျောင်းတော်”ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်ကြီးက ကျောင်းလွှတ်ပူဇာကမ္ဗည်း မော်ကွန်းအားအမွှေးနံသာရည်းများ ပတ်ဖြန်းခဲ့သည်။
ယင်းနောက် ကြွရောက်တော်မူလာကြသည့် ပင့်သံဃာတော်များက“အဂ္ဂါဘိဝဇဝါမောက္ခချုပ်ကျောင်းတော်” အတွင်းကိန်းဝတ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်အားဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခဲ့ကြသည်။ ဆက်လက်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချအခမ်းနားနှင့်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာကို ဆက်လက်ဆောင်ရွက်ကြရာ တက်ရောက်လာကြသည့်ဧည့်သည်တော်များက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်ထံမှငါးပါးသီလခံယူခြင်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချတရားနားယူခြင်းများဆောင်ရွက်ခဲ့ကြပြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သင်ကြား/စီမံဆရာတော်ကြီးများနှင့် စာသင်သားသံဃာတော် (၄၃၃) ပါးတို့အား နေ့ဆွမ်းဆပ်ကပ်လှူးဒါန်းခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်