နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသား/သမီး များအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ် 

နေပြည်တော်  ဇွန် ၁

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊  နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့်  ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ အနည်းဆုံး အလယ်တန်းပညာ (KG+9)ပြီးမြောက်ရေး၊ သင်ကြားသင်ယူမှု အဆင့်မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုအားပေးရေးကို အခြေခံ၍ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူရေးအတွက် မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့သားသမီးများအား ပညာတတ်လူငယ်များဖြစ်စေရေး၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်း ရတနာများ ဖြစ်စေရေး မိဘဆရာ တူယှဉ်တွဲကာ နှစ်ဦးနှစ်ဖက် မျှတစွာ ပဲ့ပြင်ပေးမှသာ ကလေး၏ အနာဂတ် ဖြောင့်ဖြူးနိုင်မည် ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာရည်မြင့်မားစေရန်အတွက် ယခုလို ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

 ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသားသမီးများဖြစ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ KG ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများကို ချီးမြှင့်ပေးအပ်ကြရာ ကျောင်းသား မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ယနေ့ နေပြည်တော်‌ကောင်စီရုံးမှ ဝန်ထမ်းသားသမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ရှစ်ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၂၆ ဦး၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး၊ KG ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ မူကြိုကျောင်းသား၊ကျောင်းသူ ၁၁ ဦး စုစုပေါင်း ၁၃၃ ဦးအတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ်  ၉၀၃၁၀၀၀ အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)