မိုးကောင်း ဇွန် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ Dr Fasal Urea နိုက်ထရိတ် ၄၆ ရာခိုင်နှုန်းတံဆိပ်ပါ ယူရီးယားမြေဩဇာများသယ်လာသည့် တပ်မတော်ယာဉ်တန်းများ မိုးကောင်းမြို့နယ်သို့ ယမန်နေ့ ညနေပိုင်းတွင်ရောက်ရှိကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါယာဉ်တန်းမှ (၂၃)စီးတွင်ပါရှိသော မြေဩဇာအိတ်(၂၀၇၀)အိတ်ကို မိုးကောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ သိုလှောင်ရုံသို့ ဇွန် ၁၃ ရက်နေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် စတင်သယ်ဆောင်ထားရှိသည်။ အဆိုပါဆောင်ရွက်မှုသို့ အမှတ်(၃)ခြေလျင်တပ်မဟာမှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဌေးလင်းမြတ်နှင့်တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ယာယီရဲမှူး မြင့်ထွန်းသိန်းနှင့်တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်တို့က ကြည့်ရှုစောင့်ကြပ်စစ်ဆေးကြောင်း သိရသည်။
အဆိုပါဓါတ်မြေဩဇာများကို မိုးကောင်းမြို့နယ်တွင် တောင်သူများအား မိုးစပါစိုက်ပျိုးချိန်အမီထည့်သွင်းနိုင်ရေး ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး တောင်သူဦးရေ(၁၅၀၀၀)ကျော်ခန့်ရှိကာ စိုက်ပျိုးမြေဧကစုစုပေါင်း(၈)သောင်းခန့်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)