မော်လမြိုင် ဇွန် ၁၄
မွန်ပြည်နယ်အတွင်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတု ပြောင်းလဲမှု ကာကွယ်နိုင်ရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်(၁ဝ) မြို့နယ်ဆောင်အဝင်လမ်းတွင် ကျင်းပပြုလုပ်ရာ ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး၊ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး အထောက်အကူပြု ဆောင်ရွက်ရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ်တွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့၊ ရာသီဥတု သာယာမျှတစေရေး၊ ဂေဟစနစ်တွေထိန်းသိမ်းနိုင်ဖို့နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်၍ ယနေ့ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို နိုင်ငံတော်အဆင့် မိုးရာသီ သစ်ပင်စိုက်ပွဲတော်နှင့် တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ သစ်ပင်သစ်တောချစ်ခင်စိတ် တိုးပွားလာစေရေး သစ်တောသစ်ပင် ထိန်းသိမ်းရေး အသိစိတ်ဓါတ်များ ပိုမိုမြင့်မားလာစေရေးနှင့် သစ်ပင်များမှ ထောက်ပံ့ပေးသော ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်ကာ "တစ်ပင်စိုက်တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်နိုင်ရေး" သစ်တောသစ်ပင်တည်ထောင် စိုက်ပျိုးတာတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိအကြီးအကဲများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်၊ သူနာပြု/ သားဖွားသင်တန်းကျောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ၂ဝ၂၆ ခုနှစ်၊ မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အနေဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ သင်္ကန်း၊ ပျဉ်းမ၊ စိန်ပန်း၊ မယ်ဇယ်စည့် သစ်အမျိုးအစား စုစုပေါင်း (၂၄၀၀)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်ဝန်ကြီးချုပ်က တစ်ပျော်တစ်ပါးမိုးရာသီ သစ်ပင်စိုက်ပျိုးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)