နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဝက်မွေးမြူထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး၊ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင်းခြင်း အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် ၁၄

‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဇေယျာသီရိမြို့နယ်၊ နရဘန်ချောင်းအား သက်နှင်းအင်းကျေးရွာမှ ပေါင်းလောင်းတမံသွားသည့်လမ်းအထိ ချောင်းချဲ့ထွင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

အဆိုပါချောင်းချဲ့ထွင် တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက်နှင့် ကျည်တောင်အုပ်စုအတွင်းရှိ လယ်မြေ ၂၅၀ ဧကခန့်၊  မွန်းတည့်ခွင် ကျေးရွာရှိ အိမ်ခြေ ၁၅၀ ခန့်နှင့်  ရန်ကုန်-မန္တလေး ကားလမ်းနှင့် ပင်လောင်းလမ်းဆုံတို့တွင် ရေကြီးရေလျှံမှု လျော့နည်းသက်သာသွားမည်ဖြစ်သည်။

ဆက်လက်၍ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုပေါင်းလောင်းမြစ်အနီး၌ ကျင်းပပြုလုပ်သည့် ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင်းခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုအချိန်အခါသည် မိုးရာသီကာလဖြစ်သည့်အတွက် ရေကြီး၊ ရေလျှံမှုများ၊ ကမ်းပါးပြိုမှုများ ဖြစ်ပွားလာနိုင်သည့်အတွက် ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချတတ်ပြီး အချိန်နှင့်တစ်ပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ယခုလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အဓိကဆောင်ရွက်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းကြိုတင်စုဖွဲ့ လေ့ကျင့်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အချိန်အခါ အလျောက်ဖြစ်ပေါ်လာနိုင်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ်များနှင့် အခြားသောရုတ်ချည်းဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များကြုံတွေ့ရပါက အချိန်နှင့်တစ်ပြေးညီကူညီ/ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ထိရောက်လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်တွက် လူအင်အား၊ စက်/ယန္တရားများ၊ ပစ္စည်းကိရိယာများ၊ အသင့်ပြင်ဆင်စု ဖွဲ့ထားရှိခြင်း၊ ခရိုင်/မြို့နယ်အလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း၊ အခြားသောအုပ်ချုပ်မှုလိုအပ်သည်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း  ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်နေမှုနှင့် သဘာဝဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်ထားသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာရှိ ကျည်တောင်ဝက်မွေးမြူရေးခြံသို့ရောက်ရှိပြီး မွေးမြုရေး တာဝန်ခံကဝက်မွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဝက်မွေးမြူထားရှိမှု အခြေအနေများကို လှည်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)