တာလေ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ နွေစပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် စပါးအထွက်နှုန်း တိုးစေရန် (ဘာစမာတီ)စပါးမျိုးကို ဘောင်စနစ် အသုံးပြု၍ ဇကာပိုက်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တောင်သူများအား (၁၀ တန်း ၁ တန်း) စနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် တောင်သူအသိပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ သည်။
“ဒေသအတွင်း အများအပြားစိုက်ပျိုးနေတဲ့ ဆင်းဧကရီ(၃)စပါးမျိုးဟာ အထွက်နှုန်းကောင်းမွန်သော်လည်း ပြည်တွင်းစားသုံးမှု ပိုလျှံပါက ပြည်ပ တင်ပို့ရောင်းချရာတွင် ဈေးကောင်းမရသဖြင့် တောင်သူများအတွက် တွက်ခြေမကိုက်သောကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှု လျော့နည်း ကျဆင်းမှု မရှိစေရေးနှင့် စပါးအထွက်နှုန်း တိုးတက်ရရှိစေရန်အတွက် အရည်အသွေးလည်းကောင်း ဈေးကွက်အလားအလာ ပိုမိုကောင်းမွန်ပြီး ဝင်ငွေပိုမိုရရှိနိုင်တဲ့ (ဘာစမာတီ)စပါးမျိုးကို တောင်သူများ ရွေးချယ်စိုက်ပျိုးလာစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း” သိရသည်။
အဆိုပါ နွေစပါးအထွက်နှုန်း တိုးစေရန် (ဘာစမာတီ) စပါးမျိုးကို ဘောင်စနစ်အသုံးပြု၍ ဇကာပိုက်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တောင်သူများ အား (၁၀ တန်း ၁ တန်း) စနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် တောင်သူအသိပညာပေးခြင်းကို တာလေမြို့ စိုက်ပျိုးရေး ဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)