ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် အတွင်းရေးမှူး ဦးချိုထွန်းအောင်နှင့် ကော်မတီဝင်များ၊ ဌာနမှူးများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာမြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းနှင့် မန္တလေးလမ်းထောင့်ရှိ ရေမြောင်းသို့သွားရောက်၍ ရေမြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရန်စက်ယန္တရားဖြင့် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်ရှိပင်မလေမှုတ်စက်ရုံဝင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ဌာနမှူးကရန်ကုန်မြို့တော် မိလ္လာပြွန်စနစ်ဧရိယာအတွင်းရှိ လေဖိအားသုံးမိလ္လာစွန့်ပစ်မှု လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို လိုက်လံရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်းရှိ မဟာမြိုင်လူကူး ခုံးကျော်တံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့​ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)