အခြေခံပညာအထက်တန်းကျောင်း (လေးထောင့်ကန်) ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဒဂုံတောင် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံတောင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (လေးထောင့်ကန်)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်ဆိုင်ရာ ဗဟုသုတများ ကြွယ်ဝစေရန်နှင့် ရည်မှန်းချက်ပန်းတိုင်များ ရှင်သန်စေရန်ရည်ရွယ်၍  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လေးထောင့်ကန်ကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အဖွင့်ဩဝါဒစကား ပြောကြားရာတွင် လူငယ်များအနေဖြင့် မိမိတို့၏ဘဝအတွက် ခိုင်မာသည့်ရည်မှန်းချက်များ ထားရှိရန်၊ ရည်မှန်းထားသည့်အတိုင်း စိတ်ဓာတ်ခွန်အားမလျှော့ဘဲ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ခေတ်မီတိုးတက်ပြောင်းလဲနေသော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍများ၌ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သက်ဦးက “စိုက်ပျိုးရေးဘာသာရပ်နှင့် လူငယ်များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ခေတ်မီနည်းပညာများ အသုံးချခြင်း၊ မြို့ပြစိုက်ပျိုးရေး နည်းလမ်းများ၊ စိုက်ပျိုးရေးမှရရှိသော အကျိုးအမြတ်များနှင့် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများအား လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ သိန်းသိန်းဦးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာ မာမာဝင်းတို့က မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ သိကောင်းစရာများအား ဟောပြောရာတွင် တိရစ္ဆာန်မွေးမြူရေး၏ အခြေခံသဘောတရားများ၊ ရောဂါကာကွယ်ထိန်းချုပ်နည်းများ၊ အသားနှင့်ဥစားကြက်မွေးမြူရေး၏ အခွင့်အလမ်းများအပြင် လူငယ်များအနေဖြင့် ဝါသနာပါပါက တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို စိတ်ဝင်ပြန်လည်ရှင်းလင်း ဆွေးနွေးပြီးနောက် အခြေခံပညာအထက်တန်းကျောင်း (လေးထောင့်ကန်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရတနာကျော်က ကျေးဇူးတင်စကား ပြောကြားသည်။

ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းကော်မတီဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၃၀၀ ဦးခန့် တက်ရောက်ကြ‌ကြောင်း သိရသည်။

နေမျိုးအောင်