စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်သင်ကြားခြင်းနှင့် အခွင့်အလမ်းများအား မိဘပြည်သူများ ပိုမိုသိရှိ‌စေရေး အသိပညာပေးဆွေးနွေး

ဒဂုံတောင် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်၊၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး) အခြေခံပညာ အထက်တန်းကျောင်း၌ (စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို မိဘများ‌အနေဖြင့် ပိုမိုသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က  ဇာတိမာန်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်း၏ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ၊ သင်ကြားရေးနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အမှာဩဝါဒစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သက်ဦးက စိုက်ပျိုးရေး ဘာသာရပ်နှင့် ပတ်သက်သည့် အသိပညာများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းသိန်းဦးက မွေးမြူရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက မိမိတို့တာဝန်ယူသင်ကြားလျက်ရှိသည့် ဘာသာရပ်အလိုက် အသေးစိတ်ရှင်းလင်းတင်ပြီး စက်မှုဘာသာရပ်အထူးပြု Grade-12 ဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာရေးကွင်းဆင်းဆောင်ရွက်ခဲ့ပုံများကို ပရိုဂျက်တာဖြင့် ပြသတင်ဆက်ခဲ့ပြီး စိုက်ပျိုးရေးအထူးပြု၊ မွေးမြူရေးအထူးပြု ဘာသာရပ်များတွင် လေ့လာသင်ယူခဲ့ရသည့် အတွေ့အကြုံများနှင့် လက်တွေ့သင်ယူဆောင်ရွက်ခဲ့ပုံများကိုလည်း ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

အခမ်းအနားကို တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းကြကြောင်း သိရသည်။

နေမျိုးအောင်