နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်မြေအသုံးချမှု‌ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်ဝောာ်ကာင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက မြေအရင်းအမြစ်များသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် စားဝတ်နေရေးအတွက် အခြေခံကျသော အဓိကအရင်းအမြစ်များ ဖြစ်ပါသကဲ့သို့ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံယဉ်ကျေးမှု အမွေအနှစ်များနှင့် ဆက်နွယ်သော အရင်းအမြစ်တစ်ခုလည်းဖြစ်ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပဋိပက္ခများသည်လည်း မြေအရင်းအမြစ်များကို အသုံးချမှုနှင့် ဆက်စပ်လျက်ရှိသည့်အတွက် ပြည့်စုံကောင်းမွန်သော မြေအသုံးချမှုစနစ်သည် အရေးကြီးသည့် အတွက် လိုအပ်နေသော အမျိုးသားမြေအသုံးချမှုမူဝါဒကို အများပြည်သူပါဝင်မှုဖြင့်ရေးဆွဲပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ နိုင်ငံသားအားလုံး၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊စားရေရိက္ခာဖူလုံရေး၊ မြေလုပ်ကိုင်ခွင့်ခိုင်မာစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေး၊ မြေနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရေးတို့အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု၊ အများပြည်သူ ပါဝင်ဆုံးဖြတ်မှု၊ မြေအရင်းအမြစ်များအသုံးပြုရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် မြေအသုံးချစီမံခန့်ခွဲမှုတို့ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရန် အမျိုးသားမြေဥပဒေရေးဆွဲပြဋ္ဌာန်ခြင်းသည် ပဓာနကျသောကြောင့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ဖြစ်ပါကြောင်း၊ လက်ရှိမိမိတို့နိုင်ငံတွင် မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် ဥပဒေ ၅၃ ခုရှိပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေအချင်းချင်း ဝိရောဓိဖြစ်နေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက် ပြဋ္ဌာန်ထားသည့် ဥပဒေများကို လေ့လာဆန်းစစ်ပြီး ဥပဒေအချင်းချင်း သဟဇာတဖြစ်စေရေးနှင့် အဆိုပါဥပဒေများကို လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ခဲ့ပါကြောင်း၊ မြေများနှင့်ပတ်သက်၍ မြေသိမ်းဆည်းခြင်း၊ လျော်ကြေးပေးခြင်း ကိစ္စရပ်များတွင် ပြည်သူများနစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် တစ်ဖက်တွင်လည်း နိုင်ငံတော်အတွက် မြေယာလျော်ကြေးကိစ္စများတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လိုအပ်ပါကြောင်း၊ မြေယာလျော်ကြေးများနှင့်ပတ်သက်၍ တွက်ချက်ရာတွင်လည်း သက်ဆိုင်ရာနေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောတူညီချက်များဖြင့် ပြည်သူများ နစ်နာခြင်းမရှိစေရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်များဖြင့် သတ်မှတ် ဆောင်ရွက်ရန် ညွှန်ကြားထားပါ‌ကြောင်း၊ စိုက်ပျိုးရန်ခွင့်ပြုထားသော လယ်ယာမြေများကို အခြားနည်းပြောင်း၍ အသုံးပြုဆောင်ရွက်နေမှုများအပေါ် တာဝန်ရှိသူများက ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အမျိုးသားမြေ အသုံးချမှုမူဝါဒပါရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများနှင့်အညီ အမျိုးသားမြေ အသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကို ဆက်လက်၍ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားမြေဥပဒေတစ်ရပ်ခိုင်မာစွာပေါ်ထွန်းလာရေးအတွက် နေပြည်တော်မြေအသုံးချမှုကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)