မြစ်သား ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာစုပေါင်း ရောင်းချပွဲ၊မျိုးစေ့ပေးအပ်ပွဲနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ စိုက်ဧကပြည့်မှီရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရစ်ကန်စိုက်ပျိုးရေးနည်းပညာပေးစခန်း၌ ပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောက်ဆည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစံအောင်က အဖွင့်အမှာစကားပြောကြားပြီး မြစ်သားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက ဓာတ်မြေဩဇာစုပေါင်းရောင်းချပွဲနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က တောင်သူများအတွက် ဓာတ်မြေဩဇာများဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေ ဖြင့်လည်းမြေဩဇာများကို အကျိုးရှိစွာအသုံးချ၍ တစ်ဧက အထွက်နှုန်းတိုးတက်ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောက်ဆည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစံအောင်နှင့် တာဝန်ရှိသူများက မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် (စပါး၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပိုက်ဆံလျှော်၊ ဟင်းသီးဟင်းရွက်မျိုးစေ့၊ ဓာတ်မြေဩဇာ) များကိုပေး အပ်ခဲ့ပြီး ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊ မျိုး၊ ပိုး တာဝန်ခံများက ၂၀၂၆-၂၀၂၇ ခုနှစ် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက် နှုန်းရရှိရေး တောင်သူနည်းပညာပေး ရှင်းလင်းပြောကြားခဲ့မှုအပေါ် တောင်သူများကသိလိုသော အကြောင်းအရာများကို မေးမြန်းဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲသို့ ကျောက်ဆည်ခရိုင်၊စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစံအောင်၊ မြစ်သားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုး၊ မြေ၊ ပိုးတာဝန်ခံများ၊ သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု ကော်မတီဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင် နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၁၁၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)