ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ကော့မှူး ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်ဇော်(ခင်ဇော်-ကော့မှူး)တို့က ပြောကြားရာတွင် ကမ္ဘာအရပ်ရပ်တွင် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ခံစားရလျက်ရှိပြီး ထို့ဘေးများအနက် သဘာဝဘေးအန္တရာယ်မှ အများဆုံးနှင့်ဒုက္ခအပေးဆုံးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် တစ်ခုကျရောက်တိုင်း လူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည့်သာမက နဂိုအခြေအနေသို့ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေး ပါကြောင်း၊ ထို့ကြောင့် သဘာဝဘေးအန္တရာယ် မကျရောက်မီကပင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ မလွဲမသေပြုလုပ်ရန် လိုအပ်ကြောင်း၊ လူသားတို့၏စည်းကမ်းမဲ့ လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်မှာ တစ်စတစ်စယို ယွင်းပျက်စီးလာသဖြင့် ရာသီဥတုသည် ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲလာပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာကြောင်းနှင့် သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများမှ ဆောင်ရန်၊ ရှောင်ရန်များ မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေးအန္တရာယ်အတွက်ဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည့်အချက်များစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့်သုတ/ရသစာအုပ်စောင်များကို ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)