မော်လမြိုင် ဇွန် ၁၂
၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေလယ်ပိုင်းက Royal Myanmar အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ဦးစွာ ကလေးအလုပ်သမားပပျောက်ရေး ကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးအလုပ်သမား တိုးပွားလာမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် လူမှုအကာအကွယ်ပေးရန်၊ ဆင်းရဲနွမ်းပါးသည့် မိသားစုများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ သက်မွေးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန်၊ အရွယ်ရောက်ပြီးသူများအတွက် သင့်လျော်သော အလုပ်အကိုင်များပေးရန်အတွက် သက်ဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီများမှလည်း ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းပိုင်ရှင်/ မန်နေဂျာများအနေဖြင့် ကလေးအလုပ်သမားများအား ခိုင်းစေရာတွင် ကလေးအလုပ်သမားများနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေများအား သိရှိနားလည်စေနိုင်ရန်အတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များအား သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆွေးနွေးပေးသွားမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကလေးအလုပ်သမားပပျောက်ရန်မှာ မဖြစ်နိုင်သေးသည့်အတွက် ကလေးအလုပ်သမားများအား ခိုင်းစေသည့် လုပ်ငန်းရှင်များအနေဖြင့် ကလေးအလုပ်သမားများအား ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော၊ ပညာသင်ကြားနိုင်သည့် အခွင့်အရေးကို အနှောင့်အယှက် မဖြစ်စေနိုင်သော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို မထိခိုက်စေနိုင်သော နည်းလမ်းများဖြင့်သာ ခိုင်းစေသွားကြပါရန်နှင့် ကလေးအလုပ်သမားများ၏ အသိပညာ၊ အတတ်ပညာများအား တိုးတက်စေရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးကြပါရန်နှင့် မွန်ပြည်နယ်အတွင်း ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထိုနောက် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ဇာဝင်းတင်က ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဆွေးနွေး ပြောကြားခဲ့ပြီး မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး ဦးအောင်ကိုမြတ်က ကလေးအလုပ်သမား ခိုင်းစေခြင်းနှင့် စပ်လျဉ်းသည့် မူဝါဒနှင့် ဥပဒေအကြောင်း အရာများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင် ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးကျော်ဝင်းက ကလေးအလုပ်သမားခိုင်းစေခြင်းနှင့် ပတ်သက်သည့် အရေးယူဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြကာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)