ကျောက်ပန်းတောင်း ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက မြို့မ ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကျောင်းကျန်းမာရေးဌာနမှ ဒေါက်တာ မီမီသက် ဦးဆောင်သည့် ကျောင်းကျန်းမာရေး ဝန်ထမ်းများသည်၊ မြို့မရပ်ကွက် မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား အရေပြားရောဂါ စစ်ဆေးခြင်း၊ မျက်စိစမ်းသပ်စစ်ဆေးခြင်း၊ သွားကျန်းမာရေး စစ်ဆေးခြင်းများကို အတန်းအလိုက် စစ်ဆေးခဲ့ကြပြီး၊ လိုအပ်သည့် ကုသမှုများဆောင်ရွက်ပေးကြသည်။ ယင်းနောက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းကျန်းမာရေး ဝန်ထမ်းများက ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင် နှင့် ဆရာမများ လိုက်ပါလျက် ကျောင်းဝန်း အတွင်းရှိ ရေလှောင် ကန်များ၊ သုံးရေကန်များနှင့် ရေလောင်းအိမ်သာများအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ကြပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများအား အရေပြား၊ သွား၊ မျက်စိရောဂါများနှင့်ပတ်သက်၍ အခြေခံကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောကြသည်။
အဆိုပါ ကျောင်းပတ်ဝန်းကျင်နှင့် ကျန်းမာရေး စစ်ဆေးမှုကို ကျောင်းကျန်းမာရေးဌာနမှ ဒေါက်တာ မီမီသက်နှင့် ကျန်းမာရေးဝန် ထမ်းများက မြို့မရပ်ကွက် မူလတန်းကျောင်းရှိ KG တန်းမှ Grade-5 အထိ ကျောင်းသား ၁၃၇ ဦး၊ ကျောင်းသူ ၁၅၂ ဦး စုစုပေါင်း ၂၈၉ ဦးတို့အား ကျန်းမာရေး စစ်ဆေး/ကုသမှုများ ဆောင်ရွက်ခဲ့ကြပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်နှင့် ဆရာ/ဆရာမများက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)