တာချီလိတ် ဇွန် ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးများနှင့်သက်ဆိုင်သည့် ကျန်းမာရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းသူနှင့်တာဝန်ရှိသူများက ပတ်ဝန်းကျင်နှင့်ညီညွတ်သော လူနေမှုပုံစံများနှင့် မီးခိုးမြူငွေ့ကြောင့်ဖြစ်ပေါ်နိုင်သည့် လေထုညစ်ညမ်းမှုအန္တရာယ်အကြောင်းအရာများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ရေး၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့်ဆင်ခြေထောက်ရောဂါကာကွယ်ရေးအကြောင်းကိုလည်းကောင်း၊ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်(၁) တာချီလိတ်မှတပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး အောင်ကျော်ဇင်နှင့်တပ်ဖွဲ့ဝင်များက ရွှေ့ပြောင်းသွားလာသူဘဝမှ လူကုန်ကူးခံရသူဖြစ်ပေါ်လာပုံနှင့် လုပ်အားခခေါင်းပုံဖြတ်မှုများ၊ လူကုန်ကူးခံရခြင်း၏ အဓိကအကြောင်းအရာများကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အသိပညာပေးဟောပြောခဲ့ကြပြီး ဟောပြောပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို သင်တန်းသူ အမျိုးသမီးငယ်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း