မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းဆောင်ရွက်

မုဒုံ ဇန်နဝါရီ   ၂၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူများ စနစ်တကျ Mask တပ်ဆင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး တေးသရုပ်ဖော် အကများဖြင့်   အသိပညာပေး လိုက်လံနှိုးဆော်ခြင်းနှင့်  နှာခေါင်းစည်း  Mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်၇နာရီက မုဒုံမြို့ပေါ်ရှိ လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်ကျောင်းသား/ ကျောင်းသူလေးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက်နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရန်၊   လူစုလူဝေး ရှောင်ရှားရန်တေးသရုပ် ဖော်အကများဖြင့် အသိပညာပေးနှိုးဆော်မှုများ  ပြုလုပ်ခြင်း   စျေးသူစျေးသား များနှင့် လမ်းသွား လမ်းလာပြည်သူများအား  နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းကိုမုဒုံမြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ် အား/ကာမှူး ဒေါ်နွယ်နီစံ၊ မေတ္တာစံအိမ် (Day Care Family)အသင်းတို့ ပူးပေါင်း၍ မုဒုံမြို့ပေါ်ရှိရွှေဟင်္သာစျေး၊  မြို့မစျေး၊   မြို့မအခွန်လွတ် စျေးများနှင့်  လူစည်ကားရာ နေရာများတို့တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အသိပညာပေး  နှိုးဆော်မှုများကို  သက်ဆိုင်ရာဌာနဆိုင်ရာများ၊  အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အား/ကာမှူး ဒေါ်နွယ်နီစံထံမှသိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)