စဉ့်ကိုင်မြို့နယ် "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

စဉ့်ကိုင် ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(သင်္ဂတုံ)တို့ ပူးပေါင်း၍  စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြော ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီခွဲက သင်္ဂတုံကျေးရွာရှိ “ဘဝအလင်းသစ်” စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ က ကျောင်းသား၊ ကျောင်းသူများ အသိ ပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်၊  စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည်တို့ကိုရည်ရွယ်ကာ ယခုလို ဟောပြောပွဲများ၊ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ အသက်အရွယ် အပိုင်းအခြားများ၊ ပြစ်မှု၊ပြစ်ဒဏ်များနှင့် ဆက်သွယ်တိုင်ကြားနိုင်မည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကို ကျင်းပခဲ့ရာ အ.မ.က (သင်္ဂတုံ)မှ ပြိုင်ပွဲဝင်ကျောင်းသား/သူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ဆုရရှိသော ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်လက်ထောက်-၃နှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရပြီး တက်ရောက်လာသော  ကျောင်းသား၊ ကျောင်းသူများက ကလေးအလုပ်သမားပပျောက်‌ရေးနှင့် မူးယစ်ဆေးဝါအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)