မိတ္ထီလာ ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်မှု တောင်သူနည်းပညာသင်တန်းကို ဇွန်လ ၁၂ ရက်နေ့ နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေက ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ကျေးလက်မြို့ပြမရွေး မြေနေရာကျဉ်းကျဉ်းတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး မိသားစုဝင်ငွေများ တိုးစေနိုင်ကြောင်း၊ ဓာတုဆေး၊ ဓာတ်မြေသြဇာများ ကင်းလွတ်၍ လတ်လတ်ဆတ်ဆတ်ခူးယူစားသုံးနိုင်ခြင်းကြောင့် ဘေးအန္တရာယ်ကင်းရှင်း၍ ရောဂါဘယကင်းဝေးစေနိုင်ကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရန်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများကို ဒေသအတွင်း အလွယ်တကူး ရရှိစိုက်ပျိုးနိုင်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဉီးစီးမှူး ဒေါ်စုရည်လင်းက သင်တန်းတက်ရောက်လာသူများအား ကောက်ရိုးမှိုစိုက်ပျိုးနည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးအောင်စိုးနိုင်က ကောက်ရိုးမှိုပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ပြုလုပ် ပြသခဲ့သည်။ ယင်းနောက် ကောက်ရိုးမှိုစိုက်ပျိုးနည်းစနစ်များနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစောင်များ ဖြန့်ဝေခဲ့ကြသည်။ အဆိုပါသင်တန်းကို စိုက်ပျိုးရေးဝန်ထမ်း ၁၅ ဦးနှင့် တောင်သူ ၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)