မွန်ပြည်နယ်မှ ထွက်ရှိသော ငါးများကို သမဝါယမအသင်းမှ ဝယ်ယူပြီး မူရင်းဈေးအတိုင်း ပြည်သူများအား ပြန်လည်ရောင်းချပေးနေ

ပေါင် ဇန်နဝါရီ ၂၀

မွန်ပြည်နယ်မှ ထွက်ရှိသော ငါးများကို သမဝါယမအသင်းမှ ဝယ်ယူပြီး မူရင်းဈေးအတိုင်း ပြည်သူများကို ဈေးနှုန်း သက်သာစွာဖြင့် ပြန်လည် ရောင်းချပေး နေကြောင်း မွန်ပြည်နယ် သမဝါယမဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် ကမ်းနီးကမ်းဝေးရေလုပ်ငန်းငယ်မှ တစ်နေ့လျှင် ငါးအမျိုးအစားစုံ(၁၀)တန်ခန့်ရရှိပြီး ရရှိလာသည့် ငါးများကို ပြည်တွင်းစားသုံး ရောင်းချမှုအပြင် နှစ်စဉ် ပြည်ပနိုင်ငံကို ငါးတန်ချိန်သောင်းနဲ့ချီ တင်ပို့နေတာပါ။ လက်ရှိ ကိုဗစ်ကာလတွင် မွန်ပြည်နယ်ငါးဈေးကွက်မှာ ပြည်တွင်း ရောင်းအားကျဆင်းခြင်း၊ ပြည်ပသို့ တင်ပို့ ရောင်းချရန် အခက်အခဲ ရှိနေသောကြောင့် ငါးဒိုင်အများစုမှာ အရှုံးများနှင့် ကြုံတွေ့နေရကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ဒီလိုအခြေအနေများကို ကုစားပေးသည့်အနေဖြင့် သမဝါယမအသင်းမှ ငါးများကို ငါးဒိုင်များထံမှ ပြန်လည် ဝယ်ယူပြီး မြို့နယ်သမဝါယမအသင်းစု(၁၀)ခုက Mobile စနစ်ဖြင့် ပြည်သူလက်ဝယ်အရောက် အမြတ်မယူဘဲ တိုက်ရိုက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း မွန်ပြည်နယ် သမဝါယမ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဟန်က ပြောသည်။  “ငါးလုပ်ငန်းရှင်တွေ ပြည်တွင်းဈေးကွက်နဲ့ ပြည်ပဈေးကွက် အခက်အခဲဖြစ်နေတဲ့အချိန်မှာ သမဝါယမ အသင်းတွေက နေပြီးတော့ ဒေသမှာ ထွက်ရှိတဲ့ ငါးပေါ့၊ ရေချို၊ ရေငန်ငါးတွေ၊ (၁၀)မြို့နယ်က ငါးဒိုင်တွေကနေ ငါးတွေဝယ်၊ လက်ကားဝယ်၊ ဝယ်ပြီးလို့ရှိရင် မိုးဘိုင်းစနစ်နဲ့ ငါးတွေကို ဝယ်ရင်းဈေးအတိုင်းပဲ မြို့နယ်အားလုံးကို ပြန်လည်ဖြန့်ဖြူး ရောင်းချဖို့အတွက် ဖြန့်ဖြူးနေပါတယ်။” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် ငါးများကို မူရင်းဈေးအတိုင်း ပြန်လည်ရောင်းချသည့်အစီအစဉ်ကို ယခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် အခြားတိုင်း ဒေသကြီး/ပြည်နယ်များရှိ သမဝါယမအသင်းချုပ်များနှင့် ချိတ်ဆက်ပြီး မူးရင်းဈေးအတိုင်းရောင်းချနိုင်အောင် စီစဉ် ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။ မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ပေါင်၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်ခမီ၊ မုဒုံမြို့နယ်တို့တွင် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ရရှိလာသည့် ငါး၊ ပုဇွန်၊ ဂဏန်း အစရှိသည်တို့ကို မော်လမြိုင်မြို့ရှိ ငါးရောင်းဝယ်ရေးဒိုင်များသို့ လာရောက် ရောင်းချကြကြောင်း သိရသည်။ အလားတူ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့်အချိန်တွင် ရှမ်းပြည်နယ်မှ ထွက်ရှိသော ကော်ဖီထုပ်၊ အာလူးနှင့် ကြက်သွန်ဖြူတို့မှာ ဈေးကွက်မရှိသဖြင့် သမဝါယမဦးစီးဌာနမှ ဝယ်ယူခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ ပြည်သူများအား မူရင်းဈေးအတိုင်း ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုဟိန်း(ပေါင်)