မော်လမြိုင် ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်း နှင့် စပ်လျဉ်း၍ ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများ သိရှိစေရန်အတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ဥပဒေ၊ နည်းဥပဒေများတွင် ပြ ဌာန်းထားသည့် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် Time Frame များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး အဆင့်ဆင့်ရွေးချယ်ခြင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်ကြရေးနှင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးပေးသည်။ ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြား ပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)