သံဖြူဇရပ် ဇန်နဝါရီ ၂၀
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ရေးအတွက် ဆောင်ရွက်ရမည့် ရွေးချယ်ရေးဆိုင်ရာမူများ၊ နည်းစနစ်များကို ပြည်သူ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ချပြရှင်းလင်းခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့(၅)ဖွဲ့ဖြင့် ဇန်နဝါရီ ၁၉ ရက်မှစတင်၍ ရပ်ကွက်/ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသိပေးရှင်းလင်းခြင်းဆောင်ရွက်ရာတွင် ဆယ်အိမ်စုမှူး၊ ရာအိမ်မှူးများ ရွေးချယ်ရေး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနှင့်အညီ ရွေးချယ်မှု အဆင့်ဆင့်အား တာဝန်ယူဆောင်ရွက်ပေးရမည့် ကြီးကြပ်ရေးအဖွဲ့ဝင်ငါးဦး ရွေးချယ် တာဝန်ပေး ခြင်း စည်းမျဉ်းများကို ချပြရှင်းလင်းကာ ပြည်သူများမှ သိရှိလိုသည့်မေးမြန်း မှုများကို ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။
သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်(၁၅)ခု၊ ကျေးရွာအုပ်စု(၂၆)စုရှိပြီး ၊ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ သတ်မှတ် စည်းမျဉ်းများအသိပေး ရှင်းလင်းခြင်းကို ယခုလ၂၃ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
အေးအေးသီ(ပြန်/ဆက်)