ကော့မှူး ဇွန် ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ရေတာရှည်) ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အ.မ.က (ရေတာရှည်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကို ကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကိုလေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိမည်ဖြစ်ကြောင်း၊ အလိမ္မာစာမှာရှိ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်စာပေများချစ်မြတ်နိုးတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့ လာရောက်ရန်၊ ငယ်ရွယ်စဉ်ကပင်စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုမှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သက်သော အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်၊ စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကျော်သူရ