ကျောက်မဲ၌ ကျောင်းသား၊ကျောင်းသူများအား လူငယ်ရေးရာနှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

​ကျောက်မဲ ဇွန် ၁၂

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(၃) ရှိ နဝရတ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

​ဟောပြောပွဲတွင် ကျောက်မဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီက ကျောင်းသား၊ကျောင်းသူများ သိရှိလိုက်နာရမည့် စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့" ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်ဆေးဝါးအန္တရာယ်ကိုကာကွယ်စို့" ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးဆိုင်ရာများကို Projector အသုံးပြု၍ အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့သည်။

​ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး မေးခွန်းများကို အဖြေမှန်ကန်စွာ ပြန်လည်ဖြေကြားနိုင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ​ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများကို စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်