နမ့်စန်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြော၍ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

နမ့်စန်() ဇွန် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီကစတင်၍ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းတွင်းဈေးဆိုင်တန်းများ သန့်ရှင်းသပ်ရပ်စွာရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ပဏာမမျက်စိ ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းနှင့် လိုအပ်သည့် ကျောင်းကျန်းမာရေးကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်ဝမ်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)