လားရှိုးမြို့တွင် ဗလငါးတန်ဖွံဖြိုးတိုးတက်‌စေရေး လူငယ်စကားဝိုင်း၊ စာအုပ်စာ‌စောင်၊ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

လားရှိုး ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ရန်ရည်ရွယ်၍  လူငယ်စကားဝိုင်းကို ဇွန်လ ၁၂ ရက်က  အ.ထ.က (ခွဲ)၊ အ.လ.က (၅) ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က ဗလငါးတန်ဖွံဖြိုးတိုးတက်‌စေရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းအားကျင်းပခဲ့ရာ အ.ထ.က(ခွဲ)၊ အ.လ.က(၅)ကျောင်းမှ Grade-11 ကျောင်းသူ မဝင်းလဲ့ရွှေရည်က “လူငယ်နှင့်အားကစား"၊ Grade-9 ကျောင်းသူ မ‌အေးမြတ်သူက  “လူငယ်နှင့်စည်းကမ်း"၊ Grade-10 ကျောင်းသား မောင်မင်းကျော်ဦးက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်"၊ Grade-9 ကျောင်းသား မောင်ဟိန်းလင်းသန့်က “လူငယ်နှင့်နည်းပညာ"၊ Grade-9 ကျောင်းသူ မ‌သော်တာရွှေစင်ထွန်းက “လူငယ်နှင့်ပညာရေး"၊ Grade-9 ကျောင်းသူ မခင်စန္ဒာ‌ကျော်က “လူငယ်နှင့်တာဝန်ယူစိတ်" စသည့်ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့ဆွေးနွေးပေးခဲ့သည့် ကဏ္ဍအလိုက်ပြန်လည်‌ဖြေကြား ဆွေးနွေးပေးခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က လိုအပ်သည်များအား ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ထို့အပြင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေး သုတ၊ ရသ စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ရာတက်ရောက်လာသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)