ဆီဆိုင်မြို့နယ် သစ်တောဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်

ဆီဆိုင် ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် သစ်တောဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

 ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးလှိုင်က မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်ထားရှိရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းအကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)