နမ့်စန်(တ) ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနကဆောင်ရွက်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့သည်။
နောက်ဆုံးဗိုလ်လုပွဲအဖြစ် တိုးတက်ထွန်းအသင်းနှင့် ဇေယျာအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ တိုးတက်ထွန်း အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုပေးပွဲကိုကျင်းပရာ ပထမဆုရရှိသော တိုးတက်ထွန်း အသင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက တစ်ဦးချင်းဆုဆွဲပြား၊ ဂုဏ်ပြုဆုငွေနှင့် ပထမဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇေယျာဟန်နှင့် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဒေါက်တာကောင်းမြတ်သူတို့က ဒုတိယနှင့် တတိယရရှိသော အသင်းများကို တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)